ပင်လောင်း ဇူလိုင် ၁၆
လူငယ်၊ လူရွယ်များ အသိပညာ ဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး လူငယ်ဆိုင်ရာအသိပညာပေးကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်း‌ကျောင်း နောင်ပီကျောင်းတွင် ဇူလိုင်လ(၁၆)ရက် မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစော က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သဉ္ဇာနှင့်ဒုတိယဦးစီးမှူး ဒေါ်သူဇာမိုးတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်သည့် မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေး ဖြစ်ပေါ်ပါက လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင်းမာက လူမှုရေးဆိုင်ရာကူညီထောက်ပံ့မှုနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မိုးဦးက လူငယ်နှင့်စာဖတ်ခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်မူစန်းစန်းအေး က လူငယ်နှင့် အားကစားဆိုင်ရာအကြောင်းများကို အသီးသီး ဟောပြောကြပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးတင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဘဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံပညာအထက်တန်း‌ကျောင်း နောင်ပီကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်၊ ဓါတ်ပုံနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသမှုကို ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုမှတ်သားကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး