
ပင်လောင်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်လောင်းကြီးကျေးရွာ၌ ဖောင်တော်ဦးဘုရားပွဲတော်သည် နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁)ရက်နေ့တွင် အစဉ်လာမပြတ် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဖောင်တော်ဦးဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး၊ ရပ်နီးရပ်ဝေးမှ ပွဲလာဧည့်ပရိတ်သတ်များက ဘုရားဆွမ်းတော်ကပ်လှူခြင်း၊ ဖောင်တော်ဦးဘုရားအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ပွဲတော်အတွက်အလှူငွေနှင့် ကျွေးမွေးရေးအတွက် ဆန်၊ ဆီ၊ ဟင်းအမယ်များ ထည့်ဝင်လှူဒါန်းခြင်းဖြင့် ကုသိုလ်ပါဝင်ကြသည်။
ဖောင်တော်ဦးဘုရားပွဲတော်တွင် ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းခဲဖွယ်များဆက်ကပ်ပြီး၊ ရပ်နီးရပ်ဝေးမှ လာရောက်သည့် ပွဲတော်လာဧည့်ပရိတ်သတ်များကိုလည်း ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၂ နာရီက ဘုရားပွဲတော်အား လှူဒါန်းမှူအစုစုအတွက် တရားနာ ရေစက်အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဖောင်တော်ဦးဘုရားပွဲကို စဉ်လာမပြတ် နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁)ရက်နေ့တွင် စည်းကားသိုက်မြိုက်စွာကျင်းပသည့် ပွဲတော်ဖြစ်ပြီး၊ ပင်လောင်းမြို့နယ်တွင် အထင်ကရ လူသိများသည့်ပွဲတော်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး