
ပင်လောင်း ဖေဖော်ဝါရီ ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန်နှင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန်အတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းများ၊ စက်မှုထိန်းသိမ်းပြုပြင်ရေး များသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင် ပို့ချပေးသည့် နည်းပညာဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်လိုသူများအား လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိရာ လုပ်ငန်းများရေရှည်အောင်မြင်စေရန် သင်တန်းသား/ သင်တန်းသူများအနေဖြင့် ပိုမိုအားထုတ်ကြိုးစားဖို့လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးတင့်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး တို့က ပင်မွန်းကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်း(အခြေခံမော်တော်ဆိုင်ကယ် ထိန်းသိမ်းပြုပြင်ရေး သင်တန်း)မှ သင်တန်းသား ငါးဦးအား ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ ပင်လောင်းကြီးကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသတစ်ခု ထုတ်ကုန်တစ်ခုဆောင်ရွက်သည့်(လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်း)မှ သင်တန်းသူ ငါးဦးအား ဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အခြေခံမော်တော်ဆိုင်ကယ် ထိန်းသိမ်းပြုပြင်ရေးသင်တန်းမှ သင်တန်းသားများ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းမှ သင်တန်သူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး