
ပင်လောင်း ဖေဖော်ဝါရီ ၂၀
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ဖေဖော်ဝါရီလ(၂၀)ရက် နံနက်ပိုင်းက ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင့်ဇော်ထက်က အမှာစကားပြောကြားပြီး၊ တောင်ကြီးမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူမြင့် ရက်ကန်းနှင့်အသက်မွေးဝမ်းပညာဆိုင်ရာသင်တန်းများဖြစ်သည့် အသက်မွေးဝမ်းကျောင်း ရက်ကန်ပုံမှန်သင်တန်းများ၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း၊ အထည်ဆေးရေးနည်းနှင့်ပန်းပုံရိုက် အခြေခံသင်တန်း၊ အခြေခံစက်ချုပ်နည်းသင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်း၊ ချည်မျှင်နှင့်အထည်လိပ်သင်တန်း သင်တန်းဖွင့်လှစ်ပေးနေမှုအခြေအနေများကို လည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန်နှင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရန်အတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်တန်းတွင် ပို့ချပေးသည့် နည်းပညာဖြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်လိုသူများအား လုပ်ငန်းထူထောင်နိုင်သည့်အထိ လိုအပ်သောနည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြသည်။
အဆိုပါ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Scrud၊ ဆပ်ပြာခရင်(စ်)၊ လျှော်မွေးဆပ်ပြာ ထုတ်လုပ်မှုနည်းပညာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းသား၊သင်တန်းသူ (၂၁)ဦးတက်ရောက်ကြပြီး သင်တန်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ လ ၂၆ ရက်နေ့ထိ (၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး