တောင်ကြီး ဇန်နဝါရီ ၁၆
Alpha Thuriya Power ကုမ္ပဏီလီမိတက်၊ Bright Time Energy ကုမ္ပဏီလီမိတက်နှင့် Export/ Import ကုမ္ပဏီလီမိတက်တို့မှ တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ဇန်နဝါရီလ ၁၆ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ Alpha Thuriya Power ကုမ္ပဏီလီမိတက်၊ Bright Time Energy ကုမ္ပဏီလီမိတက်နှင့် Export/ Import ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အစည်းအဝေးတက်ရောက်ကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စီမံကိန်းနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဆက်လက် ဆွေးနွေးတင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က တင်ပြချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ပေးပြီး တာချီလိတ်မြို့အနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိသည့်အတွက် ယခုစီမံကိန်းအားလျင်မြန်စွာ အကောင်အထည်ဖော်စေလိုသည့် ဆန္ဒရှိပါကြောင်း၊ လုပ်ငန်းများလျင်မြန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြေအသုံးချခွင့်ရရှိရေး သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့် လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် အကျိုးရှိသောစီမံကိန်းဖြစ်ပါကြောင်းပြောကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
