
ပင်းတယ စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့နယ်၊မြေခြားချိုင့်ကျေးရွာအုပ်စု၊မြေခြားချိုင့်ကျေးရွာတွင် စက်တင်ဘာ ၅ရက် နံနက် ၁၀ နာရီက MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်)ဆိုင်ရာ အသိပညာပေးခြင်း၊လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအားနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ၏ လမ်းညွှန်မှုဖြင့်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်
ချက် (၄)ရပ်တွင်ပါဝင်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသော အစိုးရအား နိုင်ငံတော်တာဝန်လွဲအပ်နိုင်ရေးနှင့်ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာ လျှောက်လမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ပင်းတယမြို့နယ်အတွင်းရှိမဲရုံများတွင်လည်း (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးသွားကြရမှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားပေးသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ MEVM ( မြန်မာအီလက်ထရောနစ်မဲပေးစက် )နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးပြီး၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရဲကွပ်ကဲမှုတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဟန့်တားဖျက်ဆီးခြင်းနှင်ကာကွယ်ပေးရေးဥပဒေမှ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပေးသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် မြေခြားချိုင့်ကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။ယင်းနောက် တက်ရောက်လာသည် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး