
ညောင်ရွှေ ဇူလိုင်-၁၆
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထိခိုက်ပျက်စီးသွားသော နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု များ ပေးအပ်ပွဲကိုဇူလိုင်(၁၆)ရက်နံနက် (၁၀)နာရီက ညောင်ရွှေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရာဂီမုန်တိုင်းဒဏ်နှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တောင်သူများမှ စိုက်ပျိုးထားရှိသည့် စိုက်ခင်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပါကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ရွှေမြို့နှင့်အင်းလေးဒေသတွင် စိုက်ပျိုးထားသည့် စိုက်ဧက ခြောက်ထောင်ကျော် ပျက်စီးဆုံးရှုံးမှုများရှိပါကြောင်း၊ တောင်သူများအား သဘာဝမြေသြဇာနှင့် ယူရီးယား ဓာတ်မြေသြဇာတို့ကို လာမည့်နိုဝင်ဘာလတွင် စိုက်ပျိုးနိုင်ရန် ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးတောင်သူ များအား ထောက်ပံ့နိုင်ရန်အတွက် စာရင်းများပြုစုဆောင်ရွက်ထားရှိပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဆောင်ရွက်လိုသည့် ကိစ္စရပ်များရှိပါက စိုက်ပျိုးရေးပညာရှင်များအား မေးမြန်းဆောင်ရွက်မှသာ ပန်းတိုင် အထွက်နှုန်းကောင်း ရရှိမှာဖြစ်ပါကြောင်း၊ မျိုးစပါးနှင့်စိုက်ပျိုးရေ ရရှိရေးကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တောင်သူများ၏လိုအပ်ချက် တင်ပြမှုများအပေါ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့ကလည်း တောင်သူများ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများက ပူးပေါင်း ဆောင်ရွက် ပေးကြရန်လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးချိုနိုင်ထွန်းမှ သွင်းအားစုများ ပေးအပ်ရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီး ဌာနပြည်နယ်ဦးစီးမှူးတို့က တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက်ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည်တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး