
တောင်ကြီး ဇူလိုင်-၁၈
ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ခရီးသွားဧည့်သည်လာရောက်တည်းခိုမှု များပြားလာသည်နှင့်အမျှ ဟိုတယ်၏ ပင်မလုပ်ငန်းဖြစ်သည့် ဧည့်ကြိုဝန်ဆောင်မှုပေးရေး ကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေး၊ ဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှု အရည်အသွေးမြင့်မားပြည့်ဝနေစေရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၃)မျိုး သင်တန်းဆင်းပွဲကို ဇူလိုင်(၁၈) ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့၊ ရွိုင်ရယ်တောင်ကြီးဟိုတယ်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ဟိုတယ်၊တည်းခိုရိပ်သာ၊ စည်ပင်တည်းခိုခန်းနှင့် စားသောက်ဆိုင်များမှ ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းနယ်ပယ်အတွင်း ကျွမ်းကျင်မှုအတတ်ပညာများရရှိစေရန်နှင့် ဒေသခံလူငယ်၊ လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ယခုလို ဟိုတယ် ဆိုင်ရာဝန်ဆောင်မှု သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ – ၂၀၂၆ဘဏ္ဍာနှစ်အတွင်း ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများကို တောင်ကြီးမြို့တွင်(၁)ကြိမ်၊ ကျိုင်းတုံမြို့တွင် (၁)ကြိမ်နှင့် အခြားဘာသာစကားသင်တန်း၊ ဟိုတယ်မွမ်းမံပြင်ဆင်ထိန်းသိမ်းမှုဆိုင်ရာ M&E သင်တန်းများကို ဖွင့်လှစ်နိုင်ရေး ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်ဟိုတယ်ဝန် ဆောင်မှုကဏ္ဍတွင် ၂၀၂၅ခုနှစ်ဇွန်လအထိ ဝန်ထမ်းစုစုပေါင်း (၃၇၁၈)ဦးရှိသည့်အနက် (၂၁၆၆) ဦးသည် သက်ဆိုင်ရာသင်တန်းများကို တက်ရောက်ပြီးဖြစ်၍ (၅၈) ရာခိုင်နှုန်းခန့် သင်တန်းတက်ရောက်ပြီးစီးသည်ကို တွေ့ရပါကြောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းများ ဆက်လက်ပို့ချနိုင်ရေး၊ အရည်အသွေးပြည့်မီသည့် ဝန်ထမ်းများမွေးထုတ်ပေးနိုင်ရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ယနေ့ သင်တန်းပြီးမြောက်အောင်မြင်အောင် တက်ရောက် ကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့်သင်ခန်းစာများကို ကျွမ်းကျင်စွာ တတ်မြောက်သည်အထိ ဆက်လက် လေ့လာဆည်းပူးကြရန်နှင့် လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချပြီး မိမိအရည်အသွေးကို ပိုမိုတောက် ပြောင်အောင် ကြိုးစားဆောင်ရွက် ကြရန်ပြောကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ရာ ပြည်နယ်ဝန် ကြီးချုပ် ဦးအောင်အောင်က ဧည့်ကြိုဝန်ဆောင်မှု၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး ဝန်ဆောင်မှု၊ အစားအသောက်နှင့်ဖျော်ရည်ယမကာ ဝန်ဆောင်မှုတို့၌ ပထမဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဆုရရှိသူများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ တတိယဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်များကို ပြည်နယ် သယံဇာတရေးရာဝန်ကြီးက လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်ဥပဒေချုပ်က လည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆုရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး