တောင်ကြီး ဇွန်-၁၇
သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ကို တွေ့ရမှာဖြစ်သည့်အတွက် အဖျက်စွမ်းအားပိုမိုကြီးမားလာမှုကို တွေ့ရမည်ဖြစ်၍ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ဇွန်(၁၆)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းစဥ်နှင့် တုံ့ပြန်ဆောင်ရွက်ရမှာဖြစ်ပြီး ကြိုတင်ကာကွယ်လို့မရသည့် ဘေးအန္တရာယ်များအတွက်လည်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဥ်များကို စနစ်တကျကြိုတင်စီမံဆောင်ရွက်ထားရှိခြင်းဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင်လျှော့ချရန် ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ – ၂၀၂၅ဘဏ္ဍာနှစ်အတွင်းမှာ အဖျက်စွမ်းအားကြီးမားပြင်းထန်သည့် ရာဂီမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့သည့်ရေဘေးနှင့် မန္တလေးငလျင်ကြီး၏ လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံးအတွက်လည်း သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးနှစ်ခု ဖြစ်ခဲ့သည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ရေကြီးရေလျှံမှုများကြောင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း(၃၄)မြို့နယ်မှ နေအိမ်ပေါင်း(၁၂၄၇၆)လုံး ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ(၉၃)ဦး၊ ဒဏ်ရာရရှိသူ(၄၇)ဦး ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဘိုး (၁၃၈)ဘီလျှံကျော်ရှိကြောင်း တွေ့ရမှာဖြစ်ကြောင်း၊ မန္တလေးငလျင်ဘေးကြောင့်လည်း မြို့နယ်ပေါင်း(၁၈)မြို့နယ်တွင် နေအိမ်ပေါင်း(၄၉၃၇)လုံးထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ(၆၈)ဦး၊ ဒဏ်ရာရရှိသူ(၁၃၆)ဦးနှင့် ပျက်စီးဆုံးရှုံးမှုတန်ဘိုး (၁၂၇)ဘီလျှံကျော်ရှိကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ၏ ရေရှည်၊ ရေတို ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို များစွာထိခိုက်ဆုံးရှုံးမှုကြုံခဲ့ရပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို မဖြစ်ပွားအောင် တားဆီးရှောင်တိမ်းလို့မရနိုင်ပေမယ့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစဥ်များကို မိမိတို့ကဏ္ဍအသီးသီးအလိုက် စနစ်တကျစီမံခန့်ခွဲဆောင်ရွက်ခြင်းဖြင့် ဘေးကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင်လျှော့ချနိုင်မှာဖြစ်ပြီး ရင်ဆိုင်ကြုံတွေ့ရသည့် သဘာဝဘေးဖြစ်စဥ်များအပေါ် သင်ခန်းစာယူပြီး လိုအပ်သောကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဥ်များကို နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာအားလုံး၊ လူမှုအဖွဲ့အစည်းများအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးမှ တက်ကြွစွာပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားသည်။
ထိုနောက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်မှ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးတင်ပြပြီး သဘာဝဘေးဖြစ်ပွားမှု ဇာတ်တိုက်လေ့ကျင့်မှုမှတ်တမ်း ဗီဒီယိုများပြသကြောင်း သိရသည်။
အလားတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမတွင် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်သူတစ်ဦးမှ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး