တောင်ကြီး စက်တင်ဘာ-၅
ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ မြို့ပြရှာဖွေကယ်ဆယ်ရေး (Light USAR Team) ဖွဲ့စည်း နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်မှုသင်တန်းဆင်းပွဲကို စက်တင်ဘာလ(၅)ရက်၊ နံနက်(၉)နာရီအချိန် က တောင်ကြီးခရိုင်၊ မီးသတ်စခန်း၊ တောင်ကြီး-ဟိုပုံးမြို့အထွက်(၂)မိုင်၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြပြီး မီးသတ်တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကို အလေးပြုကြသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် က မီးသတ်တပ်ဖွဲ့သည် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များကို မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်မှုပေးနေသလို ရေဘေး၊ လေဘေး၊ ငလျင်ဘေးစသည့် သဘာဝ ဘေးအန္တရာယ်များမှာလည်း ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ပေးနေပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသည် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်တစ်ခုဖြစ်သည့် အတွက် မမျှော်လင့်ဘဲသဘာဝဘေးအန္တရာယ်ဖြစ်ပွား ပေါ်ပေါက်လာသည့်အခါ ဆုံးရှုံးမှု နည်းပါးသည်ထက်နည်းပါးစေရန် ကြိုတင်မျှော်မှန်းပြီး ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဌာနအနေဖြင့် အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်သင်တန်း၊ အဆင့်မြင့်ရှာဖွယ်ကယ်ဆယ်ရေးနည်းစနစ်သင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် မိမိဒေသကိုပြန်လည် ရောက်ရှိသည့်အခါ မီးသတ်ဦးစီးဌာန၏လုပ်ငန်းများကို ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြပြီး ပြည်သူလူထုအားကိုးယုံကြည်သည့် မီးသတ်တပ်ဖွဲ့ဖြစ်စေရေးအတွက် တပ်ဖွဲ့ဝင်တိုင်း စေတနာ၊ ဝါသနာ၊ ကရုဏာ ပြည့်စုံစွာဖြင့် မိမိလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှလက်ခံရယူပြီး သင်တန်းသားများမှ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်သရုပ်ပြသကြရာ အဆောက်အဦတည်ငြိမ်မှုရှိ၊ မရှိ စောင့်ကြည့် ကိရိယာဖြင့် သရုပ်ပြသခြင်းကိုလည်းကောင်း၊ ဒေါက်ထောက်၊ ကျားကန်နည်းစနစ်သရုပ်ပြသခြင်းကို လည်းကောင်း၊ ကြိုးတက်ကယ်နည်းစနစ်၊ ကြိုးကူးကယ်ဆယ်နည်းစနစ်နှင့် သုံးဆင့်လှေကားဖြင့် ကယ်ဆယ်ခြင်းနည်းစနစ် သရုပ်ပြသခြင်းများကိုလည်းကောင်း၊ တောင်ကြား အသက် ကယ်ဆယ်ခြင်း၊ နံရံထွင်းဖောက်ဖြတ်တောက် ဝင်ရောက်ကယ်ဆယ်ခြင်း၊ မတင်ရွေ့ ပြောင်းခြင်း၊ ကြိုးဆင်းခြင်းနည်းစနစ် သရုပ်ပြသခြင်းတို့ကိုလည်းကောင်း သရုပ်ပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြသည်။
ယင်းနောက် သရုပ်ပြသခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှဘင်ခရာတပ်ဖွဲ့များက သရုပ်ပြသမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြောင်းသိရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး