တောင်ကြီး ဇွန်-၁၁
မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ဇွန်(၁၁)ရက်နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နည်းပြဆရာဖြစ် သင်တန်းဖွင့်ပွဲနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အောင်မြင်စွာနှင့်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်အတွက် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ရွေးကောက်ပွဲဖြစ်ရန်နှင့် မဲပေးနိုင်သူအားလုံး မဲပေးခွင့်ဆုံးရှုံးမှုမဖြစ်အောင် ဆောင်ရွက်ပေးရမည့်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာကြသည့် ဌာနဆိုက်ရာများကလည်း မိမိတို့ကျရာတာဝန်တွင် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ နေပြည်တော်မှလာရောက်၍ မြန်မာအီလက်ထရောနစ်မဲ ပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာများကို ပြသပေးသည့် တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထိုနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးညီညီလွင်မှ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်စပ်လျဥ်း၍ Power Point ဖြင့်ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVMရ)အသုံးပြု၍လက်တွေ့စပ်းသပ်မဲပေးကြကြောင်းသိရသည်။
အဆိုပါသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)မှ ဝန်ထမ်း(၇၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ၂၀၂၅ခုနှစ်ဇွန်လ(၁၀)ရက်မှ (၁၂)ရက်အထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းနောက် မွန်းလွဲ(၁)နာရီခွဲတွင် အေးသာယာမြို့သို့သွားရောက်၍ နည်းပညာတက္ကသိုလ်ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို MEVM(မြန်မာအီလက်ထရောနစ်မဲပေးစက်) အကြောင်းရှင်းလင်းပြီး မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး