တောင်ကြီး ဒီဇင်ဘာ-၃
မသန်စွမ်းမှုဆိုင်ရာအရေးကိစ္စများကို သိရှိနားလည်နိုင်စွမ်းမြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ လူ့အခွင့်အရေးများနှင့် အကောင်းဆုံးအကျိုးစီးပွါးအတွက် ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ရန်အတွက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်ကို ဒီဇင်ဘာလ (၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူ များနေ့ကို ဒီဇင်ဘာလ(၃)ရက်နေ့တွင် သတ်မှတ်ပြီး ကုလသမဂ္ဂမှဦးဆောင်၍ ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဥ်ကျင်းပလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို (၁၉၉၄)ခုနှစ်မှစတင်၍ အစဥ်အလာမပျက်ကျင်းပခဲ့ရာ ယခုနှစ်သည် (၃၂)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးကသတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ“Fostering disability inclusive societies for advancing social progress´´ဖြစ်ပြီး မြန်မာဆောင်ပုဒ်မှာ“လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူ့အဖွဲ့ အစည်းများမြှင့်တင်ပေး´´ ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏အမြင်နှင့် သဘောထားကို အလေးထား၍ လူ့အဖွဲ့အစည်းအတွင်း မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး မြှင့်တင်ပေးခြင်း၊ မတူကွဲပြားမှုကိုလက်ခံပြီး စည်းလုံးညီညွတ်မှုရှိသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းတို့ဖြင့် မသန်စွမ်းသူများ၏ အရေးကို မသန်စွမ်းသူများနှင့်အတူ ဝိုင်းဝန်းဆောင် ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Clip အားပြသပြီး တောင်ကြီးမြို့ သူငယ်တော်ယေဇူးမသန်စွမ်းနှင့် မိဘမဲ့ဂေဟာမှ မသန်စွမ်းကလေးများက မေတ္တာစက်ဝိုင်းသီချင်းဖြင့် လည်းကောင်း၊ ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ကပြဖျော်ဖြေပေးကြသောကလေးငယ်များအတွက် ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းနှင့် သူငယ်တော်ယေဇူးမသန်စွမ်းနှင့်မိဘမဲ့ဂေဟာအတွက် အလှူငွေကျပ်သိန်း(၃၀)တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ကပေးအပ်ရာ တာဝန်ရှိသူများမှလက်ခံရယူပြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန် စွမ်းသူများနေ့ အထိမ်းအမှတ် Special Olympics Myanmar အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ညိုမီစောနှင့် တာဝန်ရှိသူများက အသီးသီးဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားတက် ရောက်လာကြသည့် မသန်စွမ်းကလေးများအား အာဟာရမုန့်များ ဝေငှပေးကြပြီး အခမ်းအနားတက်ရောက်လာသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
