တောင်ကြီး ဇူလိုင်-၂၆
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရန်၊ သစ်တောသယံဇတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ကောင်းမွန်မျှတစေရန်၊ တောတောင်ရေမြေကိုထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရန်၊ ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် သစ်ပင်စိုက်ပျိုးထိန်းရေးလုပ်ငန်းများတွင် ပြည်သူများနိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ဇူလိုင်(၂၆) ရက်နံနက်(၈)နာရီက တောင်ကြီးမြို့၊ တောင်ကြီး(ထင်း)ကြိုးဝိုင်း၊ အကွက်အမှတ်(၆)၌ ၂၀၂၅ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။
တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီ၊ ထက်းရှူး၊ စိန်ပန်းပြာ အပင်ပေါင်း(၁၅၃၀)ပင်ကို စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ သစ်ပင်များကို တစ်နိုင်ငံလုံးအရှိန်အဟုန်နှင့် နှစ်စဥ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် ရှမ်းပြည်နယ်အတွင်း နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း(၂.၄)သန်းကျော် စိုက်ပျိုးထားရှိပြီးဖြစ်ပါကြောင်း၊ သစ်ပင်များစိုက်ပျိုးပြီးပါက ရာသီအလိုက် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းဖြစ်သည့် မြေဆွခြင်း၊ ပေါင်းရှင်းခြင်း၊ မီးကာကွယ်ခြင်း၊ မြေအစိုဓာတ်ထိန်းသိမ်းခြင်း၊ ကျွဲ နွား တိရစ္ဆာန်များဖျက်စီးခြင်းမရှိအောင် ကာကွယ်ခြင်းစသည့် ပြုစုထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း စဥ်ဆက်မပြတ် ဆောင်ရွက်ပေးမှသာ စိုက်ပျိုးသည့်အပင်များ ရှင်သန်မှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ထာဝရ စိမ်းလန်းစိုပြည်လှပနေစေရန် အတွက်“ ရှင်အောင် စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း´´ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က စိုက်ပျိုးရန်သစ်ပင်များနင့် ၂၀၁၆ခုနှစ်၊ အမျိုးသားစာပေဆုရ စာရေးဆရာကျော်ဦးရေးသားသည့်“မိုးရေလှောင်ကန်´´စာအုပ် ပေးအပ်ရာ ဌာနဆိုင်ရာများကိုယ်စား ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်က စိုက်ပျိုးရန်သစ်ပင်များနှင့် ၂၀၁၆ခုနှစ် အမျိုးသားစာပေဆုရ စာရေးဆရာ ကျော်ဦးရေးသားသည့် “မိုးရေလှောင်ကန်´´စာအုပ်ပေးအပ်ရာ အမျိုးသမီးရေးရာအဖွဲ့မှ လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်သယံဇတရေးရာဝန်ကြီးတို့က စိုက်ပျိုးရန်သစ်ပင်များနှင့် စာပေဆုရစာအုပ်များပေးအပ်ရာ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများမှ လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သတ်မှတ်နေရာများတွင် သစ်ပင်များစိုက်ပျိုးပေးကြပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သူနာပြု၊ သားဖွားသင်တန်းကျောင်းများမှ သင်တန်းသားသင်တန်းသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ သစ်ပင်စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ၂၀၁၆ ခုနှစ် အမျိုးသားစာပေဆုရ စာရေးဆရာကျော်ဦးရေးသားသည့်“မိုးရေလှောင်ကန်´´စာအုပ်များ ပေးအပ်ခဲ့ကြောင်းသိ ရှိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် နှင့်တာဝန်ရှိသူများ တောင်ကြီးမြို့တွင်း ယာဥ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဥ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရေးအတွက် တောင်းကြီး လေးမိုင်ကွေ့ – နောင်တလီ – ညိုမီး – နောင်ပနားဗွာ – လင်းကွင်း -ထီရီး(မွေးမြူရေးဇုန်) ရွှေညောင်လမ်းမိုင် (၀/၀-၁၇/၄ = ၁၇မိုင်၄ဖာလုံ)လမ်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လမ်းအထူးကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လမ်းလုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်း၊ တံတား လုပ်ငန်းများနှင့်စပ်လျဉ်း၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးရန်၊ လုပ်ငန်းများအား သတ်မှတ်ထားသည့် စံချိန်စံညွန်း၊ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ကောင်းမွန်ပြည့်စုံသည့် လမ်းဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း၊ လမ်းနယ်နိမိတ်များကိုလည်း စနစ်တကျ သတ်မှတ်ပေးရန် လိုအပ်ကြောင်းမှာကြား၍ လမ်းမြေထိန်းနံရံ ဆောင်ရွက်နေမှုအခြေအနေနှင့် တံတားဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး