တောင်ကြီး စက်တင်ဘာ-၁၆
မြန်မာနိုင်ငံအပါအဝင် ကမ္ဘ့ာနိုင်ငံအသီးသီးမှာအိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာလှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိရာ စက်တင်ဘာလ (၁၆)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့ တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံးပူးပေါင်းပြီး အိုဇုန်းလွှာပျက်စီးမှုထိန်းချုပ်ရေး လုပ်ငန်းများကို အစဥ်တစိုက်ဆောင်ရွက်လာခဲ့ပါကြောင်း၊ အိုဇုန်းလွှာပျက်စီးမှုကို ကမ္ဘာ့နိုင်ငံများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ရည်ရွယ်ပြီး အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းကို ၁၉၈၅ခုနှစ်တွင်လည်းကောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ ခုနှစ် စက်တင်ဘာလ၁၆ရက် နေ့တွင်လည်းကောင်း အတည်ပြုချုပ်ဆိုခဲ့ပါကြောင်း၊ စာချုပ်အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည့် စက်တင်ဘာလ(၁၆)ရက်နေ့ကို ကမ္ဘ့ာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ လူသားနှင့်ကမ္ဘ့ာကြီးကို အကျိုးပြုအကာအကွယ်ပေးနေသောအိုဇုန်းလွှာသည် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ပျက်စီးယိုယွင်းလာရခြင်းဖြစ်သည့်အတွက် အိုဇုန်းလွှာကို ပြန်လည်ထိန်းသိမ်းရေးသည် လူသားအားလုံး၏တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ အားလုံးပူးပေါင်းဆောင်ရွက်နေသည့် အိုဇုန်းလွှာပျက်စီးမှုထိန်းချုပ်ရေးလုပ်ငန်းစဥ်တွင် မိမိတို့ ပြည်သူလူထုများကလည်းနိုင်ရာအင်အားနှင့် တစ်ဦးတစ်ယောက်ချင်းမှသည် စုပေါင်းအင်အား၊ အသင်းအဖွဲ့အင်အားတို့ဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip ပြသပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ဒုတိယဆုရရှိသူအားလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တတိယဆုရရှိသူအားလည်းကောင်း ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးကြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြပြီး ခန်းမအတွင်းခန်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး