
တောင်ကြီး အောက်တိုဘာ-၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် အပါး(၁၀၈၀)ပါးအား အရုဏ်ဆွမ်း၊ ဆွမ်းဟင်းများလောင်းလှူပွဲနှင့် ဆွမ်းသိမ်းအောင်ပွဲမင်္ဂပွဲကို သီတင်းကျွတ်လဆန်း(၁၄) ရက် အောက်တိုဘာလ(၅)ရက်၊ နံနက် (၅) နာရီက တောင်ကြီးမြို့၊ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်တော်ကြီးရှေ့၌ ကျင်းပသည်။
ဦးစွာ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူပွဲတွင် ရှမ်းပြည် နယ်အစိုးရဖွဲ့ပြည်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ အလှူရှင်များ၊ ဒေသခံပြည်သူများတက်ရောက်၍ ဆွမ်းနှင့်ဆွမ်းဟင်းများ၊ အချိုပွဲများ၊ သစ်သီးများ၊ ခေါက်ဆွဲခြောက်များလောင်းလှူကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ ခေါက်ဆွဲခြောက်များ၊ သစ်သီးများ၊ အချိုပွဲများလောင်းလှူနေမှုကို လှည့်လည်ကြည့်ရှုကြပြီး ဆွမ်းလာရောက် လောင်းလှူကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ယင်းနောက် ဝါတွင်းကာလ အရုဏ်ဆွမ်းနှင့် ဆွမ်းဟင်းများလောင်းလှူပွဲ ဆွမ်းသိမ်းအောင်ပွဲကို တောင်ကြီးမြို့ သာသနာလင်္ကာရကမ္ဗောဇသာသနာ့ဗိမာန်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဗိမာန်ရှိ ဗုဒ္ဓမြတ်စွာဘုရားအား ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးဆက်ကပ်လှူဒါန်းပြီး ဆရာတော်၊ သံဃာ တော်များအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူချုပ်နှင့်ဇနီး၊ ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆွမ်းသိမ်းအောင်ပွဲ အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၊ စွန်းလွန်းဂူကမ္မဋ္ဌာန်းကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာ စရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစက ဘဒ္ဒန္တ တေဇဝန္တထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒတရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေးပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ဝါတွင်းကာလနောက်ဆုံးအပတ်တွင် အရုဏ်ဆွမ်းနှင့်ဆွမ်းဟင်းများလောင်းလှူပွဲတွင် တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှဆရာတော်၊ သံဃာတော် အပါး (၁၀၈၀)ပါးအား ဆွမ်း၊ ဟင်း၊ အချိုပွဲ၊ ခေါက်ဆွဲခြောက်များ၊ဆေးနှင့်သစ်သီးများလောင်းလှူပေးကြကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး