တောင်ကြီး       ဇူလိုင်   ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရှမ်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမတွင် ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်ကျောင်းများစုစုပေါင်း (၁၇၅)ကျောင်း ရှိသည်ဟု သိရပြီး ကိုယ်ပိုင်ကျောင်းများအားလုံးကျောင်းသတ်မှတ်ချက်နှင့် ကိုက်ညီသည့် မူဘောင်အတွင်း ဆောင်ရွက် ထားကြသည့်အတွက် မှတ်ပုံတင်ခွင့်၊ ကျောင်းအသစ်ဖွင့်လှစ်ခွင့်၊ သက်တမ်း တိုးခွင့် အစရှိသဖြင့် အသီးသီး အခွင့်အလမ်းတွေရရှိပြီး ဖြစ်ကြောင်း၊ အသစ်စမ်းသပ် (၁)နှစ် ဖွင့်လှစ်ခွင့်၊ ယာယီ (၂)နှစ် သက်တမ်းတိုးခွင့် ရရှိထား သည်နှင့်အမျှ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေပြဌာန်း ထားသည့်အတိုင်း လိုက်နာဆောင်ရွက် ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေ တနည်းအားဖြင့် ၂၀၁၁-ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၄) ကို ၂၀၁၁-ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြဌာန်းပြီးဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်းများအား မိမိသဘောဆန္ဒ အလျောက်မလုပ်ကြဘဲ ဥပဒေနည်းဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ရန်ပြောကြား လိုကြောင်း၊ အခက်အခဲရှိသည်များ၊ ဆွေးနွေးမေးမြန်းလိုသည်များကိုတင်ပြဆွေးနွေးကြရန်နှင့် ရှေ့ဆက်ပြီး ပညာရေးတိုးတက်အောင်မြင်ရန်၊ သင်ယူရန်အခွင့်အရေးများ အပြည့်အဝပေးနိုင်ရေး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ မှာကြားချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ပြည်နယ်ပညာရေးမှူးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ပညာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ဆွေးနွေးတင်ပြပြီး၊ ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(ပညာ) ဦးဇော်မြင့် က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ပညာရေးဥပဒေအမိန့်အမှတ်(၅၀/၂၀၂၃) အားရှင်းလင်းဖတ်ကြားကြောင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှ ကိုယ်စားလှယ်များက လုပ်ငန်းနှင့် ပတ်သက်သည် များဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့