တောင်ကြီး ဇူလိုင်-၁၁
၂၀၂၅ခုနှစ်၊ အသက်(၁၈)နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းရရှိခဲ့သော ရှမ်းပြည်နယ်ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြုခြင်းကို ဇူလိုင်(၁၀)ရက်၊နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဒိုင်းနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းရရှိခဲ့သော ရှမ်းပြည်နယ်ပြေးခုန်ပစ် အားကစားသမားများကို အေးသာယာမြို့ လမ်းဘေးဝဲယာတွင် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ရှမ်းပြည်နယ်အလံငယ်များ ဝှေ့ယမ်း၍ ပန်းစည်းများ၊ ပန်းကုံးများဖြင့် လည်းကောင်း၊ တောင်ကြီးမြို့ ပညာရေးဒီဂရီကောလိပ်ကျောင်းရှေ့တွင် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများမှ ရှမ်းပြည်နယ်အလံငယ်များ ဝှေ့ယမ်း၍ ပန်းစည်းများ၊ ပန်းကုံးများဖြင့်လည်းကောင်း၊ တောင်ကြီးမြို့၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းရှေ့တွင် အမှတ် (၁) နှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ ကျောင်းသား၊ ကျောင်းသူများက လမ်းဘေးဝဲယာ ပန်းကုံးများ၊ ပန်းစည်းများဖြင့် လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဂုဏ်ဆောင် ပြေးခုန်ပစ် အားကစားသမားများ ပြည်နယ်အားကစားလေ့ကျင့်ရုံ သို့ရောက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ပန်းကုံးများ၊ ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ပြေးခုန်ပစ်အသင်းအား ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုအမှာစကားပြောကြားရာ ယခုကျင်းပပြီးစီးခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ရန်ကုန်မြို့ ပဒေသာအားကစားကွင်းမှာ ၂၀၂၅ခုနှစ် ဇူလိုင်လ(၄)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပခဲ့ပြီး ရှမ်းပြည်နယ်ပြေးခုန်ပစ်အသင်းအနေဖြင့် အမျိုးသားပြေးခုန်ပစ်အသင်းမှ ငွေ(၃)ခု၊ ကြေး(၂)ခု၊ အမျိုးသမီးပြေးခုန်ပစ်အသင်းမှ ရွှေ(၉)ခု၊ ငွေ(၆)ခု၊ ကြေး(၅)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိပြီး စုစုပေါင်းရွှေ(၉)ခု၊ ငွေ(၉)ခု၊ ကြေး(၇)ခုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိခဲ့ပါကြောင်း၊ ထို့အပြင် အမျိုးသမီး မီတာ(၄၀၀) လေးယောက် လက်ဆင့်ကမ်းပြိုင်ပွဲတွင် စံချိန်၄မိနစ် ၀၉၈၅ စက္ကန့်ဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၁၈)နှစ်အောက် စံချိန်ကိုချိုးနိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် နောင်လာမည့်နှစ်များတွင်လည်း ယခုထက်ပိုမိုအောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစား လေ့ကျင့်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ် အသင်းမှ ရရှိခဲ့သည့် စုပေါင်းတံခွန်စိုက်ဆုဖလားနှင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံ အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများမှ အပ်နှံခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးဌာနများ၊ အားကစားဝါသနာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်နယ်အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူ (၇) ဦး က ပြည်နယ်ဂုဏ်ဆောင် ပြေးခုန်ပစ်အသင်းအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြရာ တာဝန်ရှိသူများနှင့် အားကစားသမားများက လက်ခံခဲ့ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကြေးတံဆိပ်ဆုရရှိသည့် အားကစားသမားများအား ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က လည်းကောင်း၊ ငွေတံဆိပ်ဆုရရှိသူများ၊ မီတာ ၄၀၀ လက်ဆင့်ကမ်းတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများ၊ မီတာ ၁၀၀ လက်ဆင့်ကမ်းပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများ၊ ကြေးတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အမျိုးသမီး မီတာ (၄၀၀) လေးယောက် လက်ဆင့်ကမ်းပြိုင်ပွဲတွင် စံချိန်ချိုးနိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများအား လည်းကောင်း၊ ရွှေတံဆိပ် (၂)ဆု နှင့် ရွှေတံဆိပ်ဆု(၃)ဆုရရှိခဲ့သည့် အားကစားသမားများအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသင်းအတွက် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်အောင်ပွဲရပြေးခုန်ပစ်အသင်းမှ ကိုယ်စားလှယ်(၁)ဦးက ပြိုင်ပွဲအတွေ့အကြုံများရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဂုဏ်ဆောင် ပြေးခုန်ပစ်အားကစားအသင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး