တန့်ယန်း ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ တတိယပတ်အား ဒီဇင်ဘာလ ၂၀ ရက် နံနက် ၆ နာရီက မြို့နယ် မော်တော်ယာဉ်ရုံးရှေ့ စုရပ်မှစတင်ကာ ပြည်သူ့အားကစားကွင်းကြီးသို့ စုပေါင်းလမ်းလျှောက်၍ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်နေ ပြည်သူများက စုပေါင်းလမ်းလျှောက်ပြီး ပြည်သူ့အားကစားကွင်းကြီး၌ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance တို့ကို တပျော်တပါး ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၅)ရပ်ကွက် ရွှေမောင်း သီလရှင်စာသင်တိုက် ဦးစီးပဓာနနာယက ဆရာကြီးဒေါ်ဥပ္ပလထေရီ ဦးဆောင်၍ဆောက်လုပ်ပြီးစီးခဲ့သော ရွှေမောင်း အောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၂ နာရီက ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရွှေမောင်းသီလရှင်စာသင်တိုက် ဦးစီးပဓာန နာယက ဆရာကြီးဒေါ်ဥပ္ပလထေရီ နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းတို့က ဦးဆောင်ဆွေးနွေးပြီး တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများက ရွှေမောင်း အောင်ကမ္ဘာ ဘိုးဘွားရိပ်သာ ဖွင့်ပွဲကျင်းပရန် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့