ဆီဆိုင် ဒီဇင်ဘာ-၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ် ကျေးရွာအုပ်စု၊ ထီလုံးဆူကျေးရွာရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက သွားရောက်ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဖျက်စီးရာတွင် ဆီဆိုင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတို့ပါဝင်သော ဘိန်းစိုက်ခင်း ဖျက်ဆီးရေးအဖွဲ့က ထီလုံးဆူကျေးရွာ၏ အရှေ့မြောက်ဘက် ၆ ဖာလုံခန့်အကွာရှိ အမြင့်(၃)ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း (၈)ဧက ကိုလည်းကောင်း၊ ထီလုံးဆူကျေးရွာ၏ အရှေ့ဘက် ၃ ဖာလုံ အကွာရှိ အမြင့်(၃)ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း (၂၅)ဧကကိုလည်းကောင်း၊ စုစုပေါင်း ဘိန်းစိုက်ခင်း (၃၃)ဧကကို သွားရောက် ဖျက်ဆီးခဲ့ကြသည်။ ဆီဆိုင်မြို့နယ်တွင် ဘိန်းစိုက်ခင်း များအား ဘိန်းစိုက်ခင်းဖျက်ဆီးရေးအဖွဲ့မှ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်၍ သွားရောက်ဖျက်ဆီး လျက်ရှိရာ ဘိန်းစိုက်ခင်းဧက စုစုပေါင်း(၁၁၉)ဧကကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
