
ဆီဆိုင် ဩဂုတ်-၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း(ဆိုက်ခေါင်)တွင် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အဆိုပါကျောင်းရှိ ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ဆီဆိုင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်း ၏ ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်အကြောင်းများကို လည်းကောင်း၊ ဘန်းယဉ်နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး ခွန်ကျော်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို လည်းကောင်း၊ ဆိုက်ခေါင် ရဲကင်းမှူး ရဲအုပ် နိုင်နိုင်ထွန်းက လူကုန်ကူးမှုအန္တရာယ်နှင့် တာဆီးကာကွယ်ရေးအကြောင်းများကို လည်းကောင်း ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြသည်။ ထိုနောက် သင်တန်းသူများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့တို့ က ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး