
ဆီဆိုင် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဒေသထွက်ရာသီပေါ်နာနတ်သီးများ စိုက်ပျိုးရောင်းချခြင်းဖြင့် နာနတ်သီးစိုက်ပျိုးကြသည့် ဘန့်ဗွေ့ ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရောင်းချရာတွင် ဆီဆိုင်-ဟိုပုံး-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျောင်းချယ်ကျေးရွာတွင် ဒေသခံတောင်သူများက ယာယီဈေးဆိုင်တန်းများဖြင့် ဒေသထွက်နာနတ်သီး များအား ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များတို့က အဓိကလာရောက် ဝယ်ယူစားသုံးလျက်ရှိပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေး စသည့်မြို့များကိုပါ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသထွက်ရာသီပေါ်နာနတ်သီးများသည် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် အများဆုံး ထွက်ရှိ၍ ဈေးနှုန်းအားဖြင့် နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၁၀၀၀ မှ ၃၀၀၀ နှုန်းအထိရှိပြီး ပျားရည် နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၃၅၀၀ နှုန်းမှစ၍ အလုံးအရွယ်အစားအပေါ်မူတည်၍ ရောင်းချလျက် ရှိကြသည်။ ထိုသို့ ရောင်းချရာတွင် တစ်ရက်လျှင် ပုံမှန်အားဖြင့် နာနတ်သီးလုံးရေ ၂၀၀ လုံးခန့် ရောင်းချရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း နာနတ်သီးစိုက်ပျိုးသည့် ဒေသခံတောင်သူ တစ်ဦးထံက သိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး