တောင်ကြီး ဖေဖေါ်ဝါရီ-၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မတည်လှူဒါန်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဦးစီး၍ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီလေးဆူအား ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်ကြီးအတွင်းအပြင် ထုံးသင်္ကန်း၊ ဆေးသင်္ကန်းကပ်လှူနိုင်ရေးအတွက် အလှူတော်ငွေဒုတိယအကြိမ် ပေးအပ်လှူဒါန်းပွဲကို ဖေဖေါ်ဝါရီ(၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာစေတီတော်၊ စေတဝန်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် ဆရာတော်၊သံဃာတော်၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ တောင်ကြီးမြို့ ကံသာရပ်ကွက် စွန်းလွန်းဂူကမ္မဌာန်းကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဌာနာစရိယဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်များရွတ်ပွါးအပ်သော ပရိတ်တရားတော်မြတ်ကို နာယူကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသောအလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့က ပေးအပ်လှူဒါန်းပေးရာ စူဠာမုနိလောကချမ်းသာစေတီဂေါပကဥက္ကဋ္ဌ ဦးညိုလုံးမှ လက်ခံရယူ၍လည်းကောင်း၊ ဌာနဆိုင်ရာနှင့် အလှူရှင်များမှလှူဒါန်းသောအလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက အသီးသီးလက်ခံရယူပေးကြသည်။
ထို့နောက်တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္ဒတေဇဝန္တဆရာတော်ထံ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော်၊သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းပေးကြကြောင်းသိရသည်။
အဆိုပါ တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ အရံစေတီလေးဆူအား ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်ကြီး အတွင်းအပြင်ထုံးသင်္ကန်း၊ ဆေးသင်္ကန်းကပ်လှူနိုင်ရေးအတွက် ပထမအကြိမ်အလှူတော်ငွေပေးအပ်ပွဲတွင် အလှူငွေ ကျပ်တစ်ထောင်သုံးရာခြောက်ဆယ် သုံးဆယ့်သုံးသိန်း လှူဒါန်းရရှိပြီး ဒုတိယအကြိမ်အလှုတော်ငွေ ပေးအပ်ပွဲတွင် ကျပ်နှစ်ထောင်လေးရာနှစ်ဆယ့်တစ်သိန်း ခုနှစ်ထောင်တစ်ရာငါးဆယ် လှူဒါန်းရရှိကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး