
ကျိုင်းတုံ ဩဂုတ် ၂၂
ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ ဝစီပိတ်ဆရာတော်၏အသည်းအစားထိုးကုသမှုအောင်မြင်ခြင်း (၁၁) နှစ်မြောက်အထိမ်းအမှတ် မျက်နှာတော်သစ်အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နံနက် ၅နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ( ရှမ်းအရှေ့ )၊ ဥက္ကဌ ဦးတင်လင်း နှင့် ဇနီး သည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်စိုးလှိုင် နှင့် ဇနီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့် ဇနီးများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များနှင့်အတူတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မျက်နှာတော်သစ်ရေကပ်လှူခြင်းနှင့် မျက်နှာတော်ရောင်တော်ဖွင့်ခြင်းကုသိုလ်ပြုခြင်းများတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ကြသည်
ဆက်လက်၍ ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပပြီး မြို့ပေါ်ဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ကုသိုလ်ပြုခြင်းတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
၎င်းနောက်သီလဓမ္မကုန်းသာတောရကျောင်းတိုက်၌ ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောဝိဒ ( ဝစီပိတ် ) ဆရာတော်ကြီး၏ အသည်းအစားထိုးကုသမှုအောင်မြင်ခြင်း (၁၁) နှစ်မြောက်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပ၍ အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ကျိုင်းတုံမြို့၊ တူယားကျောင်းတိုက်၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တပညာသာမိထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြခြင်း၊ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်)ဆရာတော်ကြီးအမှူးထား၍ ကံဆင့်ကံမြှင့်မင်္ဂလာဖြစ်ပါစိမ့်သောငှါ သံဃာတော်များက ပရိတ်တရားတော်များဖြင့် ရွတ်ဖတ်ပွားများချီးမြှင့်ပေးတော်မူကြခြင်း၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ စုပေါင်းရေစက်ချအမျှအတန်းပေးဝေကြခြင်း၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီးနောက် ဝစီပိတ်ဆရာတော်ကြီးထံမှ ခေါင်းဆေးမင်္ဂလာခံယူခြင်းများတွင် ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် သီလဓမ္မကုန်းသာတောရကျောင်းတိုက်၌ ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တကောဝိဒ ( ဝစီပိတ် ) ဆရာတော်ကြီး၏ အသည်းအစားထိုးကုသမှုအောင်မြင်ခြင်း (၁၁) နှစ်မြောက်အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲမင်္ဂလာ အခမ်းအနားကို ဇီဝိတဒါနငါးလွှတ်ကုသိုလ်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး