
ကလော နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့တွင်(၂၀)ကြိမ်မြောက်မြို့လုံးကျွတ် မဟာတန်ဆောင်တိုင် ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲဆုချီးမြှင့်ခြင်းနှင့်ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့ ည ၇ နာရီက ကလောမြို့ မောမြေဦးပန်းခြံ မီးရှော်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊အလှူရှင်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသား၊တိုင်းရင်းသူများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို တိုင်းရင်းသား၊တိုင်းရင်းသူအကအဖွဲ့များက “ကလောမြို့ကဖိတ်ခေါ်သံ”သီချင်းဖြင့်ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ၊ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးမြင့် က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍(၂၀)ကြိမ်မြောက် မဟာတန်ဆောင်တိုင်ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပြိိုင်ပွဲတော်ဖြစ်မြောက်ရေးအတွက် (၂၅)သိန်းအထက် အလှူငွေထည့်ဝင်လှူဒါန်းသူများအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီးမီး ပုံးပျံငယ်များပြိုင်တူလွတ်တင်၍ပိတ်ပွဲအခမ်းအနားရုပ်သိမ်းခဲ့ပြီးအဆိုတော်များက တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြသည်။
ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ(၂၀)ကြိမ်မြောက်ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံအလှပဒေသာပြိုင်ပွဲတွင်ပထမ၊ဒုတိယ၊တတိယနှင့်နှစ်သိမ့်ဆုရ မီးရှော်တိုင်နှင့်မီးကြာစံအဖွဲ့များအား ကလောတပ်နယ်စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်သူရ၊ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိုးမြင့် နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဆုရရှိအမည်များဖွင့်ဖောက်ကြေညာပေးခဲ့ပြီးဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ကလောမြို့၏(၂၀)ကြမ််မြောက်ရိုးရာမီးရှော်တိုင်ပထမဆုကိုရပ်ကွက်(၁၀)ကိုယ်စားပြု ဆောင်းပိုးမီးရှော်တိုင်အဖွဲ့၊ဒုတိယဆုကိုရပ်ကွက်(၃) ကိုယ်စားပြု kalaw Net မီးရှော်တိုင်အဖွဲ့၊တတိယဆုကို ရပ်ကွက် (၄) ကိုယ်စားပြု ကြယ်ကြွေမီး ရှော်တိုင်၊နှစ်သိမ့်ဆု(၁)ကို ရပ်ကွက်(၉)ကိုယ်စားပြု ရွှေဥမင် မီးရှော်တိုင်နှင့်နှစ်သိမ့်ဆု(၂)ကို ရပ်ကွက် (၁၁)ကိုယ်စားပြု ပွဲကြိုက်မီးရှော်တိုင်တို့ရရှိခဲ့သည်။(၂၀)ကြိမ်မြောက်ရိုးရာမီးကြာစံအလှပ ဒေသာပြိုင်ပွဲတွင် ပထမဆုကိုရပ်ကွက်(၁၀)ကိုယ်စားပြု ဆောင်းပိုးအဖွဲ့၊ဒုတိယဆုကို ရပ်ကွက်(၅)ကိုယ်စားပြုမီးဝိဇ္ဇာအဖွဲ့၊တတိယဆု ကို ပဲရင်းတောင် ကျေးရွာကိုယ်စားပြု ကောင်ခမ်းအဖွဲ့၊နှစ်သိမ့်ဆု(၁)ကို ရပ်ကွက်(၁၁)ကိုယ်စားပြုပွဲကြိုက်အဖွဲ့နှင့်နှစ်သိမ့်ဆု(၂)ကိုရပ်ကွက် (၈)ကိုယ်စားပြု ဘုံစု(ယံ,ကြွား) အဖွဲ့တို့ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ကလောမြို့ပေါ်ရှိရပ်ကွက် (၁၁)ရပ်ကွက်နှင့်ကျေးရွာများမှပြိုင်ပွဲဝင် မီးရှော်တိုင်(၂၁)တိုင်ကို နိုဝင်ဘာလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး