
ကလော ဩဂုတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ မြို့နယ်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဩဂုတ်လ ၂၃ ရက်နေ့နံနက် ၉ နာရီက ပြည်သူများအား ဆန္ဒမဲပေးရာတွင် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် မဲဆန္ဒရှင်များအားမဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက် တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကျင်းပခဲ့ရာ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊မြို့ ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှဆန္ဒမဲပေးမည့်ပြည်သူများတက်ရောက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာကလောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်ဥမ္မာဦး က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင်မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့မဲပေးလေ့လာခဲ့ကြကြောင်း သိရသည်။ ကလောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ဆန္ဒမဲပေးရာတွင်ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ဩဂုတ်လ ၂၄ရက်နေ့တွင် အောင်ပန်းမြို့နှင့် ၂၅ရက်နေ့တွင် ဟဲဟိုးမြို့တို့၌ အသိပညာပေးလုပ်ငန်းများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်ဥမ္မာဦး ထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး