
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ကော်ဖီစိုက်ပျိုးခြင်းကို စိတ်ဝင်စားလာကြကြောင်း ဥယျာဉ်ခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
“နောင်တရားဒေသမှ ထောပတ်ဥယျာဉ်ခြံ၊ လိမ္မော်ခြံ၊ စမ်းကစ်သီး၊ သစ်တော်သီး စတဲ့ ဥယျာဉ်ခြံတွေကို စိုက်ပျိုးကြပါတယ် လိမ္မော်ခြံနှင့် စမ်းကစ်သီးခြံတွေမှာတော့ သီးညှပ်စိုက်ပျိုး လို့ရတဲ့ သီးနှံမရှိဘူး၊ ထောပတ်ဥယျာဉ်ခြံမှာဆိုရင် ဝဥနှင့် ကော်ဖီကို သီးညှပ်စိုက်လေ့ရှိတယ်၊ ကော်ဖီကတော့ စမ်းသပ်စိုက်တာ သုံးလေးဦးလောက်ဘဲရှိအုံးမယ်၊ သစ်တော်သီး ဥယျာဉ်ခြံမှာတော့ ခရမ်းချဉ်၊ အာလူး၊ ငရုတ်နှင့် အခြားသီးနှံများကိုလည်း သီးညှပ်စိုက်ပျိုးဖြစ် ပါတယ်။ ဥယျာဉ်ခြံအဖြစ် ထောပတ်ကို အများဆုံးစိုက်ပျိုးဖြစ်ပါတယ် ထောပတ်က ထိန်းသိမ်းမှု စရိတ်နည်းလို့ပါ ဒါပေမဲ့ ထောပတ်တစ်မျိုးတည်းဝင်ငွေနဲ့ မိသားစု စားဝတ်နေရေးအတွက် မရပ်တည်နိုင်ဘူး သီးညှပ်အဖြစ် ကော်ဖီကိုစမ်းသပ်စိုက်ပျိုးတာအောင်မြင်နေပါပြီ မျိုးကောင်း မျိုးသန့်ကော်ဖီပင်ဘဲ လိုအပ်နေပါတယ် ဒေသနဲ့လည်းကိုက်ညီရမယ်၊ ဈေးကွက်လည်း ရှိရမည့် ကော်ဖီမျိုးတွေလိုအပ်နေပါတယ် ကျွန်တော့်ခြံကို အခြားတောင်သူတွေက နာမူနာယူပြီး စိုက်ပျိုးကြပါပြီ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးဖို့ကိုတော့ အကြံပြုပေးပါတယ်” ဟု နောင်တရားအမှတ်(၁)ရပ်ကွက်မှ ထောပတ်နှင့် ကော်ဖီတွဲလျက် စိုက်ပျိုးသည့် တောင်သူက ပြောကြားသည်။
ယခင်နှစ်များတွင် ကော်ဖီသီး အမှည့်တစ်ပိဿာလျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀ အထိ အရောင်းအဝယ်ပြုလုပ်နေကြပြီး အဆိုပါကော်ဖီသီးများကို ရွာငံ၊ ပင်းတယ၊ ပင်လောင်း စသည့် ကော်ဖီစက်ရုံများမှ ဝယ်ယူကြသည်။ အချို့တောင်သူများလည်း ကော်ဖီကို အခြောက်ခံ၍ သိုလှောင်ပြီး ပြန်လည်ရောင်းချသည့် တောင်သူများလည်းရှိသည်။ ယခုနှစ်တွင် ကော်ဖီအမှည့်တစ်ပိဿာလျင် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ အရောင်းအဝယ်ပြုလုပ်နေကြပြီး နောင်တရားဒေသတွင် ကော်ဖီစက်ရုံ ထပ်မံတည်ဆောက်ရန်လည်း အဆိုပါတောင်သူက မျှော်လင့်လျက်ရှိသည်ဟု သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး